Antibiotics, ပဠိဇီဝပိုးသတ်ဆေးများ

Ks -
  • TINITAB (10x10's)
  • Tinidazole 500mg
  • 10x10's Tables

Tinidazole BP 500mg

Description

Tinidazole (တီနီဒါဇော)

            ဘက်တီးရီးယား၊ ပရိုတိုဇိုးဝါး၊ အမီးဘားတို့ကြောင့်ဖြစ်သော ဂေါရာများကုသရန် အသုံးပြုသောဆေးဖြစ်သည်။ လေမဲ့ရှင်သန် ဘက်တီးရီးယားများနှင့်ဂေါရာဖြစ်သောပရိုတိုဇိုးဝါးများကို အထူးနိုင်သည်။ မက်ထရိုနီဒါဇောနှင့်အာနိသင်တူညီပြီး အာနိသင်ကာလပိုရှည်ကြာသည်။

ပျောက်ကင်းနိုင်သောရောဂါများ

            လေမဲ့ရှင်သန်ဘက်တီးရီးယားပိုးဝင်ဂေါရာများ၊ မဋိဇီဝဆေးကြောင့်ဖြစ်သော အူမကြီးရောင်ခြင်း၊ အမျိုးသမီးမျိုးပွားအင်္ဂါပိုးဝင်၍ ရောင်ခြင်း၊ သွားဖုံးရောင်ခြင်းတို့တွင် အသုံးပြုသည်။ ဝမ်းဗိုက်ပိုင်း ခွဲစိတ်ကုသမှုတွင် ဘက်တီးရီးယားပိုးဝင်ခြင်းမဖြစ်အောင်ကာကွယ်ရန် အသုံးပြုသည်။ အမီးဘားဝမ်းကိုက်ရောဂါနှင့် အမီးဘားအသည်းပြည်တည်နာတို့တွင်လည်း အသုံးပြုသည်။ ထရိုင်ကိုမိုးနပ်စ်နှင့် ဂျီးယားဒီးယားပရိုတိုဇိုဝါးတို့ကြောင့်ဖြစ်သော ရောဂါများတွင်လည်း အသုံးပြုနိုင်သည်။ အစာခြေရည်နာတွင်ဖြစ်သော ဟယ်လီကိုဘက်တာပိုင်လော်ရီဘက်တီးရီးယား အမြစ်ပြတ်သုတ်သင်ရန်လည်း အခြားဆေးများနှင့်တွဲ၍ အသုံးပြုသည်။

ဆေးသောက်ရန်အညွှန်း

            လေမဲ့ရှင်သန်ဘက်တီးရီးယားရောဂါများအတွက် ၂ ဂရမ် တစ်ကြိမ်စသောက်ပြီး နောက်ရက်များတွင် ၁ ဂရမ် တစ်နေ့တစ်ကြိမ် သို့မဟုတ် ၀.၅ ဂရမ် တစ်နေ့နှစ်ကြိမ် ငါးရက် ခြောက်ရက်သောက်ရသည်။ ခွဲစိတ် ကုသရာတွင် ပိုးဝင်ခြင်းမဖြစ်အောင်ကာကွယ်ရန် မခွဲစိတ် ်မှီဆယ့်နှစ်နာရီအလိုတွင် ၂ ဂရမ် တစ်ကြိမ်တည်းသောက်ရသည်။

            အမီးဘားဝမ်းကိုက်ရောဂါအတွက် ၂ ဂရမ် တစ်နေ့တစ်ကြိမ် သုံးရက်၊ ကလေးများအတွက် ကိုယ်အလေးချိန် တစ်ကီလိုလျှင် ၅၀-၆၀ မီလီဂရမ်နှုန်း တစ်နေ့တစ်ကြိမ် သုံးရက်သောက်ရသည်။ အမီးဘား အသည်းပြည်တည်နာအတွက် အထက်ပါဆေးချိန်အတိုင်း ငါးရက်သောက်ရသည်။ ထရိုင်ကိုမိုးနပ်စ်နှင့် ဂျီးယားဒီးယားရောဂါများအတွက် ၂ ဂရမ် တစ်ကြိမ်သာ သောက်ရသည်။

ဘေးထွက်ဆိုးကျိုးများ

            ပျို့အန်ခြင်း၊ ခါးသောအရသာရှိခြင်း၊ လျှာအညှိတက်ခြင်း၊ ဝမ်းဗိုက်မအီမသာဖြစ်ခြင်း၊ အဖုအပိမ့်ထွက်ခြင်းတို့ဖြစ်တတ်ပါသည်။ အိပ်ငိုက်ခြင်း၊ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ ဒယီးဒယိုင်ဖြစ်ခြင်းတို့ ဖြစ်နိုင်ပါသည်။ ဆေးမတည့်ခြင်းဖြစ်နိုင်သော်လည်း ရှားပါးပါသည်။

ကြိုတင်သတိပြုရန်နှင့်ရှောင်ရန်

            ဤဆေးသောက်ပြီး အရက်သောက်လျှင်အရက်ဖြတ်ဆေး ဒိုင်ဆာလ်ဖီရမ်သောက်ထားသကဲ့သို့ အသက်ရှူကျပ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ရင်တုန်ခြင်း၊ ပျို့အန်ခြင်း ဖြစ်တတ်ပါသည်။ ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များ ဤဆေးနှင့်မတည့်သူများ ရှောင်သင့်ပါသည်။