Amoxicilin (အမောက်ဆီစလင်)
ပယ်နင်စလင်အုပ်စုဝင် ပဋိဇီဝဆေးတစ်မျိုးဖြစ်သည်။ ဂရမ်ပေါ့စတစ်နှင့် ဂရမ်နက်ဂတစ် ဘက်တီးရီးယားတော်တော်များများကို သေစေနိုင်သောအာနိသင်ရှိသည်။ သို့ရာတွင် ပယ်နင်စလင်နေးစ်ခေါ် ပယ်နင်စလင်ချေဖျက်အင်ဇိုင်းထုတ်လုပ်နိုင်သော ဘက်တီးရီးယားများ
ကိုချေမှုန်းနိုင်စွမ်းမရှိပါ။ ဥပမာ ဂရမ်ပေါ့စတစ်စတက်ဖလိုကော့ကပ်စ် အောရီးယပ်စ်နှင့် ဂရမ်နက်ဂတစ်အီးကိုလိုင်တို့ကိုမနိုင်ပါ။
အမောက်ဆီစလင်သည် အမ်ပိစလင်မှဆင်းသက်လာသောဆေးဖြစ်ပြီး အမ်ပီစလင်နှင့်ကွာခြားသည်မှာ သောက်ဆေးအဖြစ်အသုံးပြုသောအခါ အစာလမ်းကြောင်းမှ ပိုမိုစုပ်ယူနိုင်ခြင်းဖြစ်သည်။ အစာအိမ်ထဲ၌အစာရှိနေလျှင်လည်း စုပ်ယူမှုလျော့ကျမသွားနိုင်ပါ။
ပျောက်ကင်းနိုင်သောရောဂါများ
ဆီးလမ်းကြောင်းဘက်တီးရီးယားပိုးဝင်ခြင်း၊ အလယ်နားရောင်ခြင်း၊ နှာရည်အိတ်ရောင်ခြင်း၊ သွားခြေရောင်ခြင်း၊ လေပြွန်ရောင်ခြင်း၊ အဆုတ်ရောင်ခြင်း၊ ဟီမိုဖီးလပ်စ်အင်ဖလူအင်ဇေးပိုးဝင်ခြင်း(အဆုတ်ရောင်ခြင်း၊ လေပြွန်ရောင်ခြင်း၊ ဉီးနှောက်အမြှေးရောင်ခြင်း စသည်ဖြင့်) ဆာလ်မိုနဲလာ ပိုးဝင်ကူးစက်ခြင်းကြောင့်ဖြစ်သော ဝမ်းလျှောခြင်း၊ အစာအဆိပ်သင့်ခြင်း၊ ဉီးနှောက်အမြှေးရောင်ရောဂါ၊ ဒေါင့်သန်းရောဂါ၊ နှလုံးအတွင်းအမြှေးနှင့် နှလုံးအဆို့များရောင်ခြင်း ကုသရန်နှင့် ကာကွယ်ရန်၊ အစာအိမ်နာနှင့် အူသိမ်ဉီးပိုင်းနာကိုဖြစ်စေသော ဟယ်လီကိုဘက်တာ ပိုင်လော်ရီ(အိပ်ချ်ပိုင်လော်ရီ) အမြစ်ပြတ်သုတ်သင်ရန် အသုံးပြုပါသည်။
ဆေးသောက်ရန်အညွှန်း
သာမန်ပိုးဝင်ခြင်းအတွက် ယေဘုယျဆေးချိန်မှာ စားဆေး လူကြီး ၂၅၀ မီလီဂရမ်၊ ဆယ်နှစ်အောက်ကလေး ၁၂၅ မီလီဂရမ် ရှစ်နာရီခြား တစ်ကြိမ်သောက်ရသည်။ ပြင်းထန်သောပိုးဝင်ခြင်းအတွက် ဆေးချိန်နှစ်ဆတိုးနိုင်သည်။ နားအလယ်ပိုင်းရောင်ခြင်း ၁၀၀၀ မီလီဂရမ် ရှစ်နာရီခြား။ ကလေးများအတွက် ကိုယ်အလေးချိန် ၁ ကီလိုလျှင် ၄၀ မီလီဂရမ်နှုန်း တစ်နေ့သုံးကြိမ်ခွဲတိုက်ရသည်။ တစ်နေ့စာ ၃၀၀၀ မီလီဂရမ်ထက်မပိုရပါ။ အဆုတ်ရောင်ခြင်း ၅၀၀ မီလီဂရမ်မှ ၁၀၀၀ မီလီဂရမ် ရှစ်နာရီခြား။ ဒေါင့်သန်းရောဂါ ၅၀၀ မီလီဂရမ် ရှစ်နာရီခြား။ ကိုယ်အလေးချိန် ၂၀ ကီလိုအောက် ကလေးများ ၁ ကီလိုလျှင် ၈၀ မီလီဂရမ် တစ်နေ့ သုံးကြိမ်ခွဲတိုက်ရသည်။
စားဆေးဖြင့်အချိန်တိုကုထုံး
ခံတွင်းနှင့်သွားခြေပြည်တည်နာများအတွက် ၃၀၀၀ မီလီဂရမ်၊ နောက်ရှစ်နာရီကြာလျှင် ၃၀၀၀ မီလီဂရမ် ထပ်သောက်ရသည်။ ဆီးလမ်းကြောင်းပိုးဝင်ကူးစက်ခြင်းအတွက် ၃၀၀၀ မီလီဂရမ်၊ နောက်ဆယ်နာရီ သို့မဟုတ် ဆယ်နှစ်နာရီကြာလျှင် နောက်ထပ် ၃၀၀၀ မီလီဂရမ်။
အသားထိုးဆေး
၅၀၀ မီလီဂရမ် ရှစ်နာရီ တစ်ခါထိုးရသည်။ ကလေးများအတွက် ကိုယ်အလေးချိန် ၁ ကီလိုလျှင် ၅၀ မှ ၁၀၀ မီလီဂရမ် တစ်နေ့စာ အကြိမ်ခွဲထိုးရသည်။
အကြောထိုးဆေး
၅၀၀ မီလီဂရမ် ရှစ်နာရီတစ်ခါ။ ပြင်းထန်သော ပိုးဝင်ကူးစက်ခြင်းများအတွက် ၁၀၀၀ မီလီဂရမ် ခြောက်နာရီတစ်ခါ ထိုးရသည်။ ကလေးများအတွက် ကိုယ်အလေးချိန် ၁ ကီလိုလျှင် ၅၀ မှ ၁၀၀ မီလီဂရမ် တစ်နေ့စာအကြိမ်ခွဲထိုးရသည်။
လစ်စ်တီရီရယ်လ် ဉီးနှောက်အမြှေးရောင်ရောဂါ
အခြားပဋိဇီဝဆေးများနှင့်တွဲ၍ ၂၀၀၀ မီလီဂရမ် လေးနာရီတစ်ကြိမ် အကြောမှသွင်းရသည်။ ၁၀ ရက်မှ ၁၄ ရက် ထိုးရသည်။
အင်ထရိုကောကပ်စ် ဘက်တီးရီးယားကြောင့်ဖြစ်သော နှလုံးအတွင်းမြှေးနှင့် နှလုံးအဆို့များရောင်ခြင်း
လိုအပ်လျှင် အခြားပဋိဇီဝဆေးများနှင့်တွဲ၍ ၂၀၀၀ မီလီဂရမ် လေးနာရီတစ်ကြိမ် အကြောမှသွင်းရသည်။ လေးပတ်အထိထိုးရသည်။
အိပ်ချ်ပိုင်လော်ရီ အမြစ်ပြတ်သုတ်သင်ရန်
ကလယ်ရီထရိုမိုင်စင်နှင့် မက်ထရိုနီဒါဇောအပြင် အစာအိမ်နာပျောက်ဆေးတစ်မျိုး(အီဆိုမီပရာဇော၊ လန်ဆိုပရာဇော၊ အိုမီပရာဇော၊ ပန်တိုပရာဇော၊ ရာဘီပရာဇော စသည်ဖြင့်) တွဲ၍ ၁၀၀၀ မီလီဂရမ် တစ်နေ့နှစ်ကြိမ် တစ်ပတ်သောက်ရသည်။
ဘေးထွက်ဆိုးကျိုးများ
ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်းတို့ဖြစ်တတ်ပါသည်။ အဖုအပိမ့်များထွက်လာလျှင် ဆေးကိုချက်ချင်းရပ်ပစ်ပါ။ ပဋိဇီဝဆေးကြောင့်ဖြစ်သော အူမကြီးရောင်ခြင်း ဖြစ်နိုင်ပါသည်။
သတိပြုရန် ရှောင်ရန်
ပယ်နစလင်အုပ်စုဝင်ဆေးများနှင့် တည့် မတည့်သေချာအောင်မေးမြန်းရပါမည်။ ထိုးဆေးဆိုလျှင် စမ်းပြီးမှထိုးရမည်။ ကျောက်ကပ်ဝေဒနာရှင်များ သတိပြုသုံးရသည်။ တစ်ခါတစ်ရံ အဖုအပိမ့်များထွက်လာသည်မှာ ဆေးမတည့်၍မဟုတ်ဘဲ အကြိတ်ရောင်ဖျားရောဂါ၊ ဗိုင်းရပ်စ်ပိုးဝင်ကူးစက်ခြင်းနှင့် လင်ဖိုဆိုက် လူကီးမီးယားများကြောင့်ဖြစ်နိုင်သည်ကို သတိချပ်ပါ။ ပယ်နယ်စလင်နှင့် မတည့်သူများ။